မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရင်းနှီးမြှပ်နှံမှုများ မြှင့်တင်နိုင်ရန်နှင့် ဆွဲဆောင်နိုင်ရန် အတွက် ဖွံ့ဖြိုးရေးဇုန်များအလိုက် အခွန်ကင်းလွတ်ခွင့်/သက်သာခွင့်များကို  ရရှိိနိုင်ပါသည်။ ရှမ်းပြည်နယ်တွင်လည်း ဖွံ့ဖြိုးရေးဇုန်များ သတ်မှတ်ပြီး ရင်းနှီးမြှုပ်နှံမှုအတွက် အခွန်ကင်း လွတ်ခွင့် ရရှိမည့် ဇုန်များအဖြစ် သတ်မှတ်ထားရှိပါသည်။ ဇုန် ၁ တွင် မြို့နယ်ပေါင်း ၃၇ ခု၊ ဇုန် ၂ တွင် မြို့နယ်ပေါင်း ၁၃ ခုတို့ ပါဝင်ပြီး ကျန် ၅ မြို့နယ်တွင် ရင်းနှီးမြှုပ်နှံရန်အတွက် ခွင့်ပြုထားခြင်း မရှိကြောင်း တွေ့ရှိရပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်အရ ဇုန် ၁ တွင် ပါဝင်သည့် မြို့နယ်များအတွက် အခွန်ကင်းလွတ်ခွင့် ၇ နှစ်နှင့် ဇုန် ၂ တွင်ပါဝင်သည့် မြို့နယ်များအတွက် အခွန်ကင်းလွတ်ခွင့် ၅ နှစ် ခံစားနိုင်ကြမည် ဖြစ်ပါသည်။

ရှမ်းပြည်နယ်၏ ဈေးကွက်အရွယ်အစားကြီးမားခြင်း၊ သဘာဝ သယံဇာတပေါကြွယ်ခြင်းနှင့် လုပ်သားအင်အားပေါကြွယ်ခြင်း

ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံတွင် မြေနေရာအကျယ်ပြန့်ဆုံးဖြစ်ပြီး စတုရန်းမိုင်ပေါင်း ၆၀၁၅၅မိုင်ကျယ်ဝန်း၍ နိုင်ငံ့စုစုပေါင်းမြေဧရိယာ၏ ၂၃% ရှိပါသည်။ ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင် တည်ရှိပြီး မြောက်ဘက်တွင် ကချင်ပြည်နယ်၊ တောင်ဘက်တွင် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ အနောက်ဘက်တွင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့နှင့် နယ်နမိတ်ချင်းထိစပ်လျှက်ရှိပါသည်။ ရှမ်းပြည်နယ်သည် အရှေ့ဘက်တွင်လာအိုနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ထိုင်းနိုင်ငံ နှင့် အရှေ့မြောက်ဘက်တွင်တရုတ်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါသည်။ ရှမ်းပြည် နယ်သည် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုဗဟိုချက် ဖြစ်သည့်အပြင် မဟာဗျူဟာမြောက် ချိတ်ဆက်မှု များဖြစ်သော တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် ဆက်စပ်လျက်ရှိ သောကြောင့် ကုန်သွယ်မှုအခွင့်အလမ်း များစွာ ရှိပါသည်။ ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ ဧရိယာအားဖြင့် အကြီးဆုံးပြည်နယ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး မဟာဗျူဟာ ကျသည့်နေရာတွင် တည်ရှိသည့်အတွက် ရင်းနှီးမြှုပ်နှံမှုထုတ်ကုန်များအတွက် ဈေးကွက်အရွယ်အစား ကြီးမား ကျယ်ပြန့်သည့်အပြင် ကုန်သွယ်ရေးလုပ်ငန်းများအတွက် အထူးကောင်းမွန်ပါသည်။ ရှမ်းပြည်နယ်တွင် လူမျိုးစုပေါင်း ၃၄ စုနေထိုင်လျက်ရှိရာ မြန်မာနိုင်ငံတွင် စတုတ္ထမြောက် လူဦးရေအထူထပ်ဆုံးဖြစ်ပြီး နိုင်ငံ့လူဦးရေ၏ ၁၁.၅၆% ရှိပါသည်။ ထို့ကြောင့် ရှမ်းပြည်နယ် သည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် လုပ်သားအင်အား ပေါများခြင်း၊ ရေမြေရာသီဥတု ကောင်းမွန်၍ စိုက်ပျိုးရေးနှင့် စက်မှုကဏ္ဍများအတွက် မြေဧရိယာပေါများသည့်အပြင် သဘာဝ တွင်းထွက်သတ္တုများပေါများသော ပြည်နယ် လည်းဖြစ်ပါသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် အခြေခံအဆောက်အဉီများ အားကောင်းခြင်း

ရှမ်းပြည်နယ်တွင် အခြေခံအဆောက်အဉီများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်စွာ အားဖြည့်ပေးလျက် ရှိပါသည်။ ရှမ်းပြည်နယ် ၏ အဝေးပြေးလမ်းမအများစုသည် မြို့နယ်များနှင့် ချိတ်ဆက်ထားပါသည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ လမ်းဦးစီးဌာနသည် အဝေးပြေးလမ်းမပေါင်း ၂၃၈ လမ်းခန့်၊ မိုင်အားဖြင့် ၄၉၈၇ မိုင်ကို ဆောက်လုပ်ပြီးစီးပြီး ဖြစ်ပါသည်။ ရှမ်းပြည်နယ်အတွင်း အာဆီယံ အဝေးပြေးလမ်းမကြီးများဖြစ်သော AH2 နှင့် AH14 တို့သည် တောင်အာရှနှင့် အရှေ့တောင် အာရှနိုင်ငံများသို့သွားသည့် လမ်းမကြီးများပေါ်တွင် မဟာဗျူဟာကျစွာတည်ရှိသောကြောင့် ရှမ်းပြည်နယ်သည်အာရှ၏အကြီးဆုံးနှင့် အလျင်မြန်ဆုံး ဖွံ့ဖြိုးလာမည့်ဈေးကွက်ကြီးအဖြစ် ပေါ်ထွန်းလာရန် အလွန်နီးကပ်နေပြီဖြစ်ပါသည်။ ရှမ်းပြည်နယ်တွင် သယ်ယူပို့ဆောင်ရေး အတွက် မီးရထားလိုင်းပေါင်း ၂၀ နှင့် ဘူတာရုံပေါင်း ၆၈ ရုံ ရှိပါသည်။ လေကြောင်းသယ်ယူပို့ ဆောင်ရေးအတွက် ပင်မလေဆိပ် ၅ ခုရှိရာ အဓိကလေဆိပ် ၃ခုမှာ ရှမ်းပြည်နယ် အရှေ့ပိုင်း တွင် တည်ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်းတွင် လေဆိပ်တစ်ခုနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် လေဆိပ်တစ်ခုရှိပါသည်။ လျှပ်စစ်ဓါတ်အားရရှိမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ်တွင် ရေအား လျှပ်စစ်ဓါတ်အားပေးစက်ရုံ (၁၈)ရုံနှင့် ကျောက်မီးသွေး ဓါတ်အား ပေး စက်ရုံ(၁)ရုံရှိပါသည်။ ရှမ်းပြည်နယ်တွင်တပ်ဆင်ထားသော လျှပ်စစ်ဓါတ်အားမှာ ၁၉၀၁ မဂ္ဂါဝပ်ဖြစ်ပြီး မဟာဓါတ် အားလိုင်းမှ ဖြန့်ဖြူးပေးနိုင်သည့် စွမ်းအားဖြစ်ပါသည်။ ထို့ပြင် ရှမ်းပြည်နယ်အတွင်း အလား လာရှိသော ရေအားလျှပ်စစ်စက်ရုံ စီမံကိန်းများအနေဖြင့် ၅၀ မဂ္ဂါဝပ်အောက် ထုတ်လုပ် နိုင်သော စီမံကိန်း ၅ ခုနှင့် ၅၀မဂ္ဂါဝပ်အထက်ထုတ်လုပ်နိုင်သည့် စီမံကိန်း ၁၃ ရှိ၍ စုစုပေါင်း ၁၂၀၀၀ မဂ္ဂါဝပ်ခန့် ကို ထုတ်ယူရရှိနိုင်ပါသည်။ ရှမ်းပြည်နယ်အတွင်း မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေးအနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းစခန်းပေါင်း (၇၆၈) စခန်း ရှိပြီး ကွန်ယက်ဖြန့်ကျက်မှုအနေဖြင့် (၉၂.၈%) လွှမ်းခြုံနိုင်အောင် ဆောင်ရွက်ထားရှိပါသည်။ ထိုကဲ့သို့ အခြေခံအဆောက်အဦများပေါများခြင်းသည် ရင်းနှီးမြှုပ်နှံရန်အတွက် အားသာချက် များပင်ဖြစ်ပါသည်။

ရင်နှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် အစိုးရနှင့်  ပုဂ္ဂလိကအဖွဲ့အစည်း များ၏ ထောက်ပံ့ဝန်ဆောင်မှုများအားကောင်းခြင်း

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် နေပြည်တော်ကောင်စီနှင့် ပြည်နယ်/တိုင်း ဒေသကြီး အစိုးရများအား လုပ်ပိုင်ခွင့်များ ခွဲဝေပေးလျှက်ရှိပါသည်။  ရှမ်းပြည်နယ် အတွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန်နှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန (DICA) မှ အတွင်းရေးမှူးရုံးအဖြစ် တာဝန်ယူဆောင်ရွက် လျှက်ရှိပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေများသည် ရင်းနှီးမြှုပ်နှံ သူများနှင့် စီးပွားရေးလုပ်ငန်းများအတွက် အခြေခံဥပဒေအုတ်မြစ်အနေဖြင့် လည်းကောင်း၊ ရိုးရှင်လွယ်ကူသော လုပ်ထုံးလုပ်နည်းများဖြစ်စေရန်အတွက်လည်းကောင်း ပံ့ပိုးပေးပါသည်။ အွန်လိုင်းကုမ္ပဏီမှတ်ပုံတင်ခြင်းစနစ် (MyCO) သည် စီးပွားရေးလုပ်ငန်းများ လုပ်သာကိုင်သာ ရှိခြင်းနှင့် ပွင့်လင်းမြင်သာမှုများကို များစွာမြှင့်တင်ပေးပါသည်။ စီးပွားရေး လုပ်ငန်းများ တရားဝင်စီးပွားရေးစနစ်အတွင်း လုပ်ကိုင်ခွင့်ရရှိစေရန် ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များ၊ စာရွက်စာတမ်းလိုအပ်ချက်များ၊ စောင့်ဆိုင်းရသည့်အချိန်များနှင့် အကန့်အသတ်များကို လျော့ချရန် အစိုးရဌာနများသည် ရည်ရွယ်ကြိုးပမ်းလျှက်ရှိပါသည်။ သက်ဆိုင်ရာဝန်ကြီး ဌာနများ၏ လုပ်ငန်းစဉ်အဆင့်အလိုက် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများ (SOPs) အပေါ်မူတည်၍ တနေရာတည်းတွင် လုပ်ငန်းများ ပြီးမြောက်နိုင်သောစနစ် ( Single-window system) ဖော်ဆောင်မှုအား အစီအစဉ်ရေးဆွဲလျက်ရှိပါသည်။ ထို့ပြင် ရှမ်းပြည်နယ်အတွင်း စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ လူငယ်စွန့်ဦးတည်ထွင် လုပ်ငန်း ရှင်များအသင်းနှင့် လုပ်ငန်းကဏ္ဍအလိုက် အစုအဖွဲ့များလည်း ဖွဲ့စည်းတည်ထောင်ထားရှိပြီး ဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်များအတွက် များစွာအထောက်အကူပြု နိုင်မည်ဖြစ်ပါသည်။

ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့လုပ်ဆောင်ရန် အခွင့် အလမ်း များပြားခြင်း

ရှမ်းပြည်နယ်သည် ရင်းနှီးမြှုပ်နှံသူများအတွက် များစွာသော ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များကိုပေးစွမ်းလျက်ရှိပါသည်။ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးအခြေခံ တန်ဖိုးမြှင့် ကုန်ထုတ် လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်ရေးလုပ်ငန်း များသည် အလားအလာအကောင်းဆုံး ကဏ္ဍများအနက်မှ အချို့ဖြစ်ပါသည်။ ရှမ်းပြည်နယ်၏ ရေမြေသဘာဝနှင့် ရာသီဥတုကောင်းမွန်မှု၊ သဘာဝသယံဇာတ ပေါကြွယ်မှု၊ ပြည်တွင်း/ပြည်ပ ဈေးကွက်ကြီးမားကျယ်ပြန့်မှုတို့ကြောင့် ရင်းနှီးမြှုပ်နှံသူများအတွက် များစွာ အထောက်အကူ ဖြစ်စေနိုင်ပါသည်။ ရှမ်းပြည်နယ်၏ ထုတ်ကုန်များကို တရုတ်၊ ထိုင်း၊ ဥရောပနိုင်ငံများနှင့် အမေရိကန်နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး လက်ရှိတွင် အလားအလာများပိုမိုကောင်းမွန် လျက်ရှိပါသည်။ ထို့အပြင် ရှမ်းပြည်နယ်အစိုးရ၏ ထောက်ပံ့မှုနှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို နွေးထွေးစွာ လက်ခံကြိုဆိုခြင်းတို့သည် ရင်းနှီးမြှုပ်နှံမှုများတိုးတက်စေရန် တွန်းအားတစ်ရပ်ဖြစ်စေပါသည်။ ယျေဘုရအားဖြင့် ရှမ်းပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှု အခြေနေ သည် တိုးတက်ရေးကို ဦးတည်နေပြီး ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် တွန့်ဆုတ်မနေဘဲ ဖြစ်ပေါ်နေသည့်အခွင့်အလမ်းများကို အမိအရ ရယူဆောင်ရွက်သင့်ကြပါသည်။

ဒေသတွင်းနှင့် နိုင်ငံတကာအတွက် ရှမ်းပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခွင့်အလမ်းများ

ရှမ်းပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းအများစုသည် မိရိုးဖလာအတိုင်းဆောင်ရွက် လျက်ရှိသောကြောင့် အဆင့်မြင့်နည်းပညာများအသုံးပြု၍ နိုင်ငံတကာအဆင့်မီ ကုန်ပစ္စည်း များထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိပါသည်။ ပြည်နယ်အတွင်းရှိ အသေးစား/အလတ်စား စီးပွားရေးလုပ်ငန်းများကို အဆင့်မြှင့်တင်ခြင်းဖြင့် နိုင်ငံတကာစျေးကွက်သို့ ချိတ်ဆက် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ရှမ်းပြည်နယ်၏ အဓိကအခွင့်အလမ်းများဖြစ်သော စိုက်ပျိုး ရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ဟိုတယ်ခရီးသွားလုပ်ငန်းများ၊ စွမ်းအင်နှင့် သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းများတွင် ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံသူများကို လိုအပ်လျက်ရှိပါသည်။ ရှမ်းပြည်နယ်သည် တည်နေရာအနေအထားရ ပြည်တွင်း/ပြည်ပသို့ ကုန်သွယ်ရေးလုပ်ငန်းများအတွက် အချက်အခြာကျသည့်နေရာတစ်ခုဖြစ်သည့်အတွက် ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများအတွက် များစွာအထောက်အကူဖြစ်စေနိုင်ပါသည်။

ရှမ်းပြည်နယ်အတွင်း  ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား အားပေးမြှင့်တင်ခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းအရ ရှမ်းပြည်နယ်ရှိ ဒေသထွက်ကုန် များကို နိုင်ငံတကာ အသိအမှတ်ပြု အမှတ်တံဆိပ်တစ်ခုအဖြစ် တည်ရှိလာစေရန် မဟာဗျူဟာ များချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ အရည်အသွေးကောင်းမွန်လာစေရန် ဒီဂျစ်တယ်နည်းပညာများ အသုံးချမှုနှင့် တီထွင်ဖန်တီးမှု များကိုအဆင့်မြှင့်တင်၍ စက်မှုအဆင့် (၄.၀) သို့ တိုးမြှင့်ဆောင်ရွက်နိုင်ရေး စီမံကိန်းများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီသည် ရင်းနှီး မြှုပ်နှံမှုများတိုးတက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာ ရင်းနှီးမြှုပ်နှံသူ များအတွက် များစွာအထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။ ထို့ကြောင့်အနာဂါတ်ကာလတွင် ရှမ်းပြည်နယ်သည် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် လွယ်ကူစေသည့် လုပ်ထုံးလုပ်နည်းများ၊ အဆင့်မြင့်အခြေခံ အဆောက်အဦများ၊ ထူးခြားသောအခွင့်အလမ်းကောင်းများနှင့် အလားအလာများရှိမှု၊ ရင်းနှီး မြှုပ်နှံသူများကို ပံ့ပိုးကူညီသည့် ဝန်ဆောင်မှုစနစ်ကောင်း များချမှတ်မှုတို့ဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အကောင်းဆုံးနေရာတစ်ခုအဖြစ် ထင်ရှားလာမည် ဖြစ်သည်။