ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အခိုင်အမာ အားပေးတိုက်တွန်းမည့် ဦးစားပေးကဏ္ဍများ

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းအရ ရှမ်းပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးလမ်းစဉ်နှင့် ဖွံ့ဖြိုးမှုအဆင့်များကို အခြေခံ၍ ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အခိုင်အမာ အားပေးတိုက်တွန်းမည့် အောက်ပါအတိုင်း ဦးစားပေးကဏ္ဍများကို သတ်မှတ်ထားရှိပြီး အဆိုပါကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံနိုင်ရန် ဖိတ်ခေါ်ဆောင်ရွက်သွားမည် ဖြစ်ပါသည် –

  • စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ
  • စိုက်ပျိုးရေးအခြေခံ ကုန်ချောထုတ်လုပ်မှုလုပ်ငန်းများ
  • ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ
  • အခြေခံအဆောက်အဦနှင့် စွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းများ
  • နည်းပညာမြင့် စက်မှုကုန်ထုတ်လုပ်ငန်းများ
  • သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ

ရှမ်းပြည်နယ်သည် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ အထူး သဖြင့် စိုက်ပျိုးရေးကုန် ထုတ်လုပ်ခြင်းများအတွက် အလားအလာလွန်ကောင်းမွန်ပါသည်။ ရှမ်းပြည်နယ်သည် ပြည်နယ်၏စီးပွားရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပြီး သီးနှံမျိုးစုံ ကိုလည်း စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ အဆိုပါ သီးနှံများအပေါ် အိမ်နီးချင်း နိုင်ငံများ၏ ဝယ်လိုအား မှာလည်း မြင့်မားပါသည်။ ရှမ်းပြည်နယ်သည် သီးနှံစိုက်ပျိုးထုတ်လုပ်ရေးကို အရှိန်အဟုန်မြှင့်တင်ရန် အတွက် အလားအလာကောင်းများစွာရှိသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ထုတ်လုပ်မှု ပမာဏ နည်းပါးနေသေးသည်ကို တွေ့ရှိရပါသည်။ ရှမ်းပြည်နယ်တွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှုများ သည် လွန်ခဲ့သောဆယ်စုနှစ်များအတွင်း မိရိုးဖလာနည်းလမ်းများဖြစ်သော တိရိစ္ဆာန်များ အသုံးပြု၍ ထွန်ယက်ခြင်း၊ မြေသြဇာအသုံးပြုမှု နည်းပါးခြင်း၊ ငွေကြေးအရင်းအနှီး နည်းပါးခြင်း၊ ဝင်ငွေပြန်လည် ရရှိမှု နည်းပါးခြင်းစသည့်အခြေအနေများဖြင့်သာ လုပ်ဆောင်ခဲ့ကြပါသည်။ မကြာသေးမီ ဆယ်စုနှစ် များတွင်မူ ကုန်သွယ်မှုနှင့် ထုတ်လုပ်မှုကိုဦးတည်သည့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုအား တိုးမြှင့် လုပ်ဆောင်လာသည်ကို တွေ့ရှိရပါသည်။ သို့သော် ရှမ်းပြည်နယ်၏ စုစုပေါင်းကုန်ထုတ်လုပ်မှု ပမာဏတွင် စိုက်ပျိုးရေးကဏ္ဍ၏ ပါဝင်မှုအချိုး သည် ၂၀၁၅/၂၀၁၆ ခုနှစ်တွင် (၃၆.၉%)ရှိရာမှ ၂၀၁၇/၂၀၁၈ ခုနှစ်တွင် (၃၄.၂%)သို့အနည်းငယ်ကျဆင်းသွားသည်ကို တွေ့ရှိရပါသည်။ မြေဧရိယာ အမြောက်အများရှိသော်လည်း ယင်း၏ (၈%) (၃,၀၀၄ ဧကထောင်ပေါင်း) ကိုသာ အမှန်တကယ် စိုက်ပျိုးမြေအဖြစ်သာအသုံးပြုနေသေးခြင်းဖြစ်ပါသည်။

ခရမ်းချဉ်သီးဆော့စ်နှင့်ဝိုင်ကဲ့သို့သော ဥရောပအဆင့်တန်းမီ ကုန်ပစ္စည်းများ၏ ဈေးကွက်သည် လျင်မြန်စွာ တိုးတက်လာနိုင်မည့် အလားအလာရှိပါသည်။ ကော်ဖီနှင့်လက်ဖက် ထုတ်လုပ်မှု သည်လည်း ရင်းနှီးမြှုပ်နှံရန်အတွက် မြင့်မားသော အလားအလာ ရှိကြောင်းတွေ့ရှိရပါသည်။ ဒေသတွင်း၌ဟင်းသီးဟင်းရွက်နှင့် သစ်သီးများပေါများစွာ ထုတ်လုပ်ခြင်းသည် ကုန်စည်အခြောက် ထုတ်ကုန်များ ထုတ်လုပ်သည့်စက်ရုံ တည်ဆောက်နိုင်ခြင်းနှင့် နိုင်ငံခြား တိုင်းပြည်များသို့ တင်ပို့နိုင်သော ကုန်ပစ္စည်းများထုတ်လုပ်ရန် ကုန်ကြမ်းများအတွက် လွယ်ကူအဆင်ပြေစေပါသည်။ ထို့ပြင် သယ်ယူပို့ဆောင်ရေးအတွက် အအေးခန်းသိုလှောင်ရုံနှင့် အေးခန်းမော်တော်ယာဉ်များသည် ရင်းနှီးမြှုပ်နှံရန် အလားအလာ ရှိကြောင်းတွေ့ရှိရပါသည်။

နိုင်ငံခြားခရီးသည်များ သွားလာမှု အရှိန်အဟုန်နှင့် တိုးတက်များပြားလာသည်နှင့်အမျှ ရှမ်းပြည်နယ် တောင်ပိုင်းတွင်ဟိုတယ် အရေအတွက်တိုးပွားလာလျက်ရှိရာ စုစုပေါင်း ၁၈၀ ကျော်အထိ ရှိလာ ပါသည်။ ရှမ်းပြည်နယ်တွင် မကြာသေးမီကာလ၌ ခရီသွားဧည့်သည် စုစုပေါင်း ၁၀ သန်းကျော်  လာရောက်လည်ပတ်နိုင်ဖွယ်ရှိသဖြင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းသည် ရင်းနှီးမြှုပ်နှံမှု အတွက် အလားအလာကောင်းသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်းတွေ့ရှိရပါသည်။

ရှမ်းပြည်နယ်ရှိအင်းလေးဒေသသည် လာရောက်လည်ပတ်သူ အများဆုံး ဖြစ်ပြီး ကန်ရေပြင် အတွင်း သွားလာရေးအတွက်အသုံးပြု သည့် ပို့ဆောင်ရေးကဏ္ဍတွင် စက်လှေအင်ဂျင်များ၏ ဆူညံသံကို လျှော့ချရန်နှင့် ဆက်စပ်၍ ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများစွာရှိပါသည်။

ရွာငံမြို့နယ်ရှိ ပြဒါးလင်းဂူ နံရံပန်းချီများသည် ကျောက်ခေတ်လူသားများ၏ နေထိုင်သည့် နေရာတစ်ခုလည်းဖြစ်ခဲ့သဖြင့် နိုင်ငံခြားသား ဧည့်သည်များအတွက် စိတ်ဝင်စားမှုကို အများဆုံးရရှိ သော နေရာတစ်နေရာဖြစ်ပါသည်။ သို့ရာတွင် ထိုနေရာသို့သွားလာရန် ခက်ခဲသဖြင့် တောင်ကြီးမြို့ရှိ အရှေ့ဘက်ပိုင်း တောင်တန်းများမှ မိုးပျံကေဘယ်ကားတည်ဆောက်ရေး ရင်းနှီးမြှုပ်နှံခြင်းသည် လည်း အခွင့်အလမ်းတစ်ခုဖြစ်လာနိုင်ပါသည်။

အိမ်နီးချင်းနိုင်ငံများမှ လာရောက်လည်ပတ်မှု များပြားလာစေရန်အတွက် တရုတ်နိုင်ငံ (ဟဲဟိုး-လင်းချမ်း) နှင့် ထိုင်းနိုင်ငံ (ဟဲဟိုး-ချင်းမိုင်)တို့ကို တိုက်ရိုက်ပြေးဆွဲပေးမည့်  လေကြောင်း လိုင်းများ စီစဉ်ပေးသင့်ပါသည်။

ကလောမြို့နှင့် အနီးတဝိုက်တွင် ခြေလျင်တောင်တက် ခရီးသွားလာခြင်းလုပ်ငန်းသည်လည်း ခရီးသွားကဏ္ဍအတွက် အလားအလာကောင်းသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ ရှမ်းပြည်နယ်တွင် လူမျိုးစုပေါင်း ၃၄ မျိုး၏ ရိုးရာဓလေ့၊ လူနေမှုပုံစံနှင့် ယဉ်ကျေးမှုများသည် ကမ္ဘာလှည့်ခရီးသည်များ ၏ စိတ်ဝင်စားမှုရရှိသည့်အပြင် သဘာဝအလျောက် ဖြစ်ပေါ်လျက်ရှိသော ဂူများ၊ မြစ်များနှင့် ရေတံခွန်များ၏ သဘာဝရှုခင်းများ ကိုပါ ရှာဖွေဖော်ထုတ်ပေးသင့်ပါသည်။ ရှမ်းပြည်နယ် တောင်းပိုင်းရှိ ပအိုဝ်နှင့် ဓနုဒေသများတွင် လူထုအခြေပြုခရီးသွားလုပ်ငန်းကို  စိတ်ဝင်စားမှု မြင့်တက်စေရန် မိတ်ဆက်ဖော်ထုတ်လျက်ရှိကြောင်း တွေ့ရပါသည်။

သံလွင်မြစ်၊ နမ့်တောင်၊ နမ်ပန်၊ မဲခေါင်နှင့်ဒုတ္ထ၀တီမြစ်များတွင် စွန့်စားမှုဆိုင်ရာ အားကစားများဖြစ်သော ဖောင်စီးခြင်း၊ အရှိန်မြှင့်စက်တက်လှေများ စီးနင်းခြင်း၊ တောင်တက်ခြင်း စသည်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရှိပါသည်။

ရှမ်းပြည်နယ်တွင် မြို့နယ် ၅၅ ခုရှိသည့်အနက်  ၁၃ မြို့နယ်တွင်သာ လိုင်စင်ရ ဟိုတယ်နှင့်တည်းခိုခန်းများရှိပြီး ကျန် ၄၂ မြို့နယ်ဖြစ်သော လားရှိုး၊ ပင်းတယ၊ ကျိုင်းတုံစသည် တို့တွင် ဟိုတယ်နှင့်တည်းခိုခန်းများ ဖွင့်ရန် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများရှိကြောင်း တွေ့ရှိရ ပါသည်။

ရှမ်းပြည်နယ်သည် မိရိုးဖလာစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးနိုင်ရန်နှင့် ပြည်နယ်၏ စီးပွားရေးကို ပြုပြင်ပြောင်းလဲရန်အတွက် ရုပ်ဝတ္ထုပိုင်းဆိုင်ရာနှင့် ဝန်ဆောင်မှု ပိုင်းဆိုင်ရာ အခြေခံအဆောက်အဦတို့ ဖွံ့ဖြိုးတိုးတက်လာစေရန် တက်ကြွစွာ အားထုတ် ကြိုးပမ်းလျှက် ရှိပါသည်။ ရှမ်းပြည်နယ်သည် ကဏ္ဍအားလုံးနှင့် သက်ဆိုင်သည့် အခြေခံ အဆောက်အဦများအတွက် ရင်းနှီးမြှုပ်နှံမှုအတိုင်းအတာတစ်ခုအထိ လိုအပ်လျှက်ရှိပြီး၊ အထူးအားဖြင့် လျှပ်စစ်( ရေအားလျှပ်စစ်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ နေစွမ်းအင်) သယ်ယူပို့ဆောင်ရေး (လမ်းများ၊ မီးရထားလမ်းများ၊ ဆိပ်ကမ်းများ၊ လေဆိပ်များ) နှင့် မြို့ပြအခြေခံအဆောက်အဦ ဆိုင်ရာတို့ ဖြစ်ပါသည်။  ရှမ်းပြည်နယ်အနေဖြင့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အကျိုးကျေးဇူးများကို အမြင့်မားဆုံးရရှိနိုင်စေရန်အတွက် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အခြေခံအဆောက်အဦများတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန် ဆွဲဆောင်မှုများ ပြုလုပ်ရန် လိုအပ်ပါသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ရှမ်းပြည်နယ်အတွက် ရေ၊ မီး ပေးဝေနိုင်မှုဆိုင်ရာ အခြေခံအဆောက်အဦသည် စိန်ခေါ်မှုများဖြစ်ပါသည်။ ရှမ်းပြည်နယ် အတွင်းရှိ ဝေးလံခေါင်ဖျားသော ကျေးလက်ဒေသများသည် နိုင်ငံတော်၏ မီးပေးဝေမှုထံမှ ရယူနိုင်ခြင်းမရှိပါ။ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်တလျှောက်တွင်ရှိသော နေရာဒေသများ အနေဖြင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ လျှပ်စစ်မီးကို စျေးနှုန်းကြီးမြင့်စွာဖြင့် ရယူသုံးစွဲ နေရပါသည်။ ရှမ်းပြည်နယ်အတွင်း လက်ရှိလျှပ်စစ်မီးပေးဝေနိုင်မှုသည် (၂၁%) သာရှိသေးရာ နိုင်ငံတော်အဆင့် (ရန်ကုန်-၇၈%အပါ) ပျမ်းမျှနှုန်းဖြစ်သော (၃၆.၁%) ထက်များစွာ နည်းပါး နေပါသည်။ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းအရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနအနေဖြင့် ရွာပေါင်း (၇၀၄၂) နှင့် အိမ်ထောင်စုပေါင်း (၄၁၇၅၇၉) ခန့်ကို  လျှပ်စစ်ဓါတ်အား ဖြန့်ဝေနိုင်ရန် ၂၀၂၀မှ ၂၀၂၅ ခုနှစ်အတွင်း  ဆောင်ရွက်မည်ဖြစ်ပြီး  စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများအား တည်ငြိမ်သောလျှပ်စစ်ဓါတ်အားကို ဖြန့်ဝေနိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ရှမ်းပြည်နယ်တွင် အိမ်ထောင်စုများနှင့် စက်မှုလုပ်ငန်းများအား လျှပ်စစ် မီးဖြန့်ဖြူးပေးနိုင်ရန်အတွက် နေစွမ်းအင် နှင့် လေအားလျှပ်စစ်ထုတ်ယူနိုင်သည့် အလား အလာရှိသောနေရာ အမြောက်အများရှိပါသည်။ သံလွင်မြစ်မှ ရေအားလျှပ်စစ်ထုတ်လုပ် နိုင်သော အခွင့်အလမ်းများလည်းရှိနေပါသည်။

ရှမ်းပြည်နယ်ရင်းနှီးမြှပ်နှံမှုမြှင့်တင်ရေးစီမံကိန်းအရ  ရှမ်းပြည်နယ်၏ စီးပွားရေးသည် ခေတ်သစ်စိုက်ပျိုးရေးပုံစံ၊ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းနှင့် ယှဉ်ပြိုင် နိုင်စွမ်းရှိသော ကုန်ထုတ်လုပ်ခြင်း ကဏ္ဍများအပေါ်တွင် အခြေခံမည်ဖြစ်သည်။ ရှမ်းပြည်နယ်သည် ပြည်တွင်းနှင့် ပြည်ပပို့ကုန်ဈေးကွက်များ အား ဦးတည်သော စက်မှုလုပ်ငန်းများ၊ ဗဟုသုတအခြေခံနှင့် ဆန်းသစ်တီထွင်ဖန်တီးမှုများက ဦးဆောင်သည့် စီးပွားရေးပုံစံများ ဖွံ့ဖြိုးလာစေရန်အတွက် ပြည်နယ်၏ သယံဇာတအခြေခံ စီးပွားရေးပုံစံအား တဖြည်းဖြည်းပြောင်းလဲသွားမည်ဖြစ်သည်။

ထို့ပြင် ရှမ်းပြည်နယ်ရင်းနှီးမြှပ်နှံမှုမြှင့်တင်ရေးစီမံကိန်းအရ ရှမ်းပြည်နယ်၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ အရည်အသွေးကောင်းမွန်လာစေရန် ဒီဂျစ်တယ်နည်း ပညာများ အသုံးချမှုနှင့် တီထွင်ဖန်တီးမှုများကို အဆင့်မြှင့်တင်၍ စက်မှုအဆင့် (၄.၀) သို့ တိုးမြှင့် ဆောင်ရွက်နိုင်ရေး စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် အရည်အသွေး ပြည့်ဝသော ပညာဗဟုသုတနှင့် ဆန်းသစ်တီထွင်မှုတို့ကို အခြေပြုသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများသည် ရှမ်းပြည်နယ်အတွင်း ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများရရှိနိုင်ပါသည်။ ရှမ်းပြည်နယ်တွင် နည်းပညာကို အသုံးပြု၍ စိုက်ပျိုးရေးတောင်သူများအတွက် စျေးကွက် ရှာဖွေချိတ်ဆက်ပေးနိုင်ရေးလုပ်ငန်းသည် အရေးပါသည့် လိုအပ်ချက်တစ်ခုဖြစ်ပါသည်။ ရှမ်းပြည်နယ်၏ သဘာဝသယံဇာတများကို အခြေခံ၍ နည်းပညာမြင့်စက်မှုလုပ်ငန်းများ၊ နည်း ပညာမြင့် စိုက်ပျိုးရေးလုပ်ငန်းများ၊ သတင်းအချက်အလက်ဆက်သွယ်ရေးနှင့် သုတေသန လုပ်ငန်းများ၊ နည်းပညာအခြေခံ ဝန်ဆောင်မှုကဏ္ဍဆိုင်ရာ လုပ်ငန်းများသည် ရှမ်းပြည်နယ် အတွင်း ဆောင်ရွက်နိုင်သည့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များဖြစ်ပါသည်။