ရှမ်းပြည်နယ် သည် မြန်မာနိုင်ငံ၏ တိုင်းနှင့် ပြည်နယ်များအနက် အကြီးဆုံး(ဧရိယာအကျယ်ဆုံး) ပြည်နယ်ဖြစ်သည်။ ဗြိတိသျှအစိုးရလက်ထက်က ပဒေသရာဇ် ရှမ်းပြည်နယ်စုဟု ခေါ်တွင်ခဲ့သော နယ် များအား လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ ဟူ၍ ပေါက်ဖွားလာသောအခါ ပြည်ထောင်စု အခြေခံဥပဒေအပိုဒ် ၅ အရ အဆိုပါ နယ်များတွင် ‘ဝ’နယ်များကို ပူးပေါင်း၍ ရှမ်းပြည်နယ်ဟု သတ်မှတ်ပိုင်းခြားခဲ့သော နယ်များကို ခေါ်ဝေါ်သမုတ်ခြင်း ဖြစ်ပေသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ လေးပုံတစ်ပုံခန့်ရှိ၍ အကြီးဆုံးပြည်နယ်လည်း ဖြစ်၏။ ရှမ်းပြည်နယ်သည် ရေတံခွန်စိမ့်စမ်း တောစခန်း တောင်စခန်းတို့ဖြင့် သာယာလှပသောပြည်နယ်တစ်ခုဖြစ်ပါသည်။

ရှမ်းပြည်နယ်သည် ၆၀,၁၅၅ စတုရန်းမိုင်ကျယ်ဝန်းပြီး တိုင်းနှင့် ပြည်နယ် ၁၄ ခုအနက် ဧရိယာအားဖြင့် အကြီးဆုံးလည်းဖြစ်သည်။ အကြမ်းအားဖြင့် တြိဂံပုံသဏ္ဌာန်ရှိပြီး ရှမ်းပြည်အရှေ့ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းပြည်တောင်ပိုင်း ဟူ၍ ခွဲခြားပြောဆိုလေ့ရှိကြသည်။ မြန်မာနိုင်ငံ၏ အရှေ့ပိုင်းတွင်တည်ရှိပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည် နယ်‌၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့နှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည်။ မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ မှ ၂⁠၂ဒီဂရီ ၁၅မိနစ် အတွင်း ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၂၆မိနစ် မှ ၉၈ ဒီဂရီ ၄၇မိနစ် အတွင်းတည်ရှိသည်။ ထိုပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ လေးပုံတစ်ပုံ ခန့်ရှိပြီးလျှင် အကြီးဆုံးပြည်နယ် ဖြစ်သည်။ ပြည်မ၏အရှေ့ဘက်၌ရှိသော ထိုပြည်နယ်သည် အကြမ်း ဖျင်းအားဖြင့် ပဉ္စဂံပုံရှိလေရာ အနောက်ဘက်ရှိ ပြည်မ၏ လွင်ပြင်ဒေသများကို ပဉ္စဂံ၏ အခြေပြုထားကာ အရှေ့ဘက်ရှိ မဲခေါင်မြစ် (လာအိုနိုင်ငံ) ပေါ်တွင် ပဉ္စဂံ၏ ထိပ်ဖျားကျရောက်နေလေသည်။ ရှမ်းပြည်နယ်သည် မြောက်ဘက်တွင် ကချင်ပြည်နယ်၊ အရှေ့မြောက်ဘက်တွင် ယူနန်ပြည်နယ် (တရုတ်ပြည်သူ့သမ္မတနိုင်ငံ)၊ အရှေ့ဘက်တွင် ယူနန်ပြည်နယ်နှင့် လာအိုနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ယိုးဒယားနိုင်ငံ၊ တောင်ဘက်တွင် ကယားပြည်နယ်၊ အနောက်ဘက်တွင် မန္တလေးတိုင်း၊ အနောက် မြောက်ဘက်တွင် စစ်ကိုင်းတိုင်းတို့ဖြင့် ဝိုင်းရံလျက် ရှိသည်။ ထိုပြည်နယ်သည် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂ဝ မိနစ်နှင့် ၂၄ ဒီဂရီ ၉ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၃ မိနစ် နှင့် ၁ဝ၁ ဒီဂရီ ၉ မိနစ်တို့၏ အကြား၌ တည်ရှိလေသည်။

ရှမ်းပြည်နယ်သည် ရေတံခွန်စိမ့်စမ်း တောစခန်း၊ တောင်စခန်းတို့ဖြင့် သာတောင့်သာယာ ရှိပေ သည်။ ဧရာဝတီမြစ်ရိုး တစ်ခုဆီမှ အရှေ့ဘက်သို့ လှမ်းမျှော်ကြည့်လိုက်လျှင် ရှမ်းရိုးမတောင်ဟုအများ ခေါ်ဆိုကြသော တောင်စဉ်တောင်တန်းများကို တောင်ခိုးတောင်ငွေ့ တစ်ဝေဝေဖြင့် တွေ့မြင်ကြရပေ လိမ့်မည်။ ရှမ်းရိုးမတောင်ဟု ခေါ်ဆိုနေကြသော်လည်း စင်စစ် ရှမ်းပြည်နယ်တစ်ခုလုံးသည် ကုန်းပြင်မြင့် ဖြစ်လေသည်။

ရှမ်းကုန်းပြင်မြင့်သည် ပျှမ်းမျှခြင်းအားဖြင့် ပင်လယ်ရေပြင်မှ ပေ ၃ဝဝဝ-၄ဝဝဝ ကျော်အထိ မြင့်ပြီးလျှင် နေရာ ဒေသများစွာတို့၌ မြေမျက်နှာပြင်သည် လှိုင်းအိထိုးနေဘိသကဲ့သို့ နိမ့်တုံမြင့်တုံ ဖြစ်နေလေသည်။ အရှေ့ဘက်ပိုင်း ကုန်းမြေမြင့်သည် အနောက်ဘက်ပိုင်းထက် ပို၍မြင့်သည်။ အမြင့်ဆုံးအပိုင်းသည် လားရှိုး၏ အနောက်တောင်ဘက်ပိုင်း ဖြစ်သည်။ ကုန်းမြေမြင့်မျက်နှာပြင်သည် သိန္နီနယ်၏ အလယ်ပိုင်းခန့်မှစ၍ မန္တလေးခရိုင် အထက်နားရှိ တောင်ကုန်းဒေသသို့တိုင်အောင် ကျယ်ပြန့်သွား သော်လည်း မိုးနဲနယ်နှင့် မောက်မယ်နယ်စပ်သို့ အရောက်တွင်မူ ကျဉ်းမြောင်းသွားလေသည်။

တောင်ရိုးတောင်တန်းတို့သည် ရှမ်းပြည်မြောက်ပိုင်း အချို့ ဒေသများတွင် အရှေ့နှင့်အနောက်တန်းလျက် ရှိသည်မှ လွဲ၍ ပြည်နယ်တစ်ခုလုံး၌ များသောအားဖြင့် တောင်နှင့်မြောက် တန်းလျက်ရှိကြလေသည်။ တောင်ထိပ်များသည် ပေ ၆ဝဝဝ မှ ၈ဝဝဝ ကျော်အထိ မြင့်ကြ၍ အမြင့်ဆုံးတောင်ထွတ်သည် တောင်သိန္နီနယ် အတွင်းရှိ ပေပေါင်း ၈၇၇၇ မြင့်သော လွယ်လိန်းတောင်ထွတ်ဖြစ်သည်။ အခြားမြင့်မား သော တောင်ထွတ်များမှာ မြောက်သိန္နီနယ်အတွင်းရှိ လျန်ရှန်၊ ကျိုင်းတုံနယ်အရှေ့ပိုင်းရှိ လွယ်ပန်နောင်၊ မိုင်းကိုင်နယ်အတွင်း ရှိ လွယ်စန့်နှင့် လွယ်လမ် စသည်တို့ ဖြစ်ကြ၍ ပေ ၈ဝဝဝ ကျော် မြင့်ကြပေသည်။ ပင်းတယနယ်အတွင်းမှ မဲနယ်တောင်တန်းရှိ အရှေ့မြင် အနောက်မြင်တောင်ထွတ်သည် ၇၆၇၈ ပေ မြင့်သည်။ ထိုပြင် နမ့်တမ်ဖတ် ချောင်းဝှမ်းနှင့် နမ့်ပွန်ချောင်းဝှမ်းကို ခြားလျက်ရှိသော လွယ်မောနှင့် လွယ်မောင်ဟု ခေါ်သည့် ပေ ၇ဝဝဝ မှ ၈ဝဝဝ ကျော်ရှိသော တောင်မြင့်ကြီးများလည်း ရှိပေသေးသည်။ ကလောမြို့အနီးရှိ ဆင်တောင်နှင့် မြင်းမထိတောင်တို့သည် ပေ ၅ဝဝဝ ကျော် မြင့်ကြ လေသည်။