နိုင်ငံခြားခရီးသည်များ သွားလာမှု အရှိန်အဟုန်နှင့် တိုးတက်များပြားလာသည်နှင့်အမျှ ရှမ်းပြည်နယ် တောင်ပိုင်းတွင်ဟိုတယ် အရေအတွက်တိုးပွားလာလျက်ရှိရာ စုစုပေါင်း ၁၈၀ ကျော်အထိ ရှိလာ ပါသည်။ ရှမ်းပြည်နယ်တွင် မကြာသေးမီကာလ၌ ခရီသွားဧည့်သည် စုစုပေါင်း ၁၀ သန်းကျော် လာရောက်လည်ပတ်နိုင်ဖွယ်ရှိသဖြင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းသည် ရင်းနှီးမြှုပ်နှံမှု အတွက် အလားအလာကောင်းသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်းတွေ့ရှိရပါသည်။
ရှမ်းပြည်နယ်ရှိအင်းလေးဒေသသည် လာရောက်လည်ပတ်သူ အများဆုံး ဖြစ်ပြီး ကန်ရေပြင် အတွင်း သွားလာရေးအတွက်အသုံးပြု သည့် ပို့ဆောင်ရေးကဏ္ဍတွင် စက်လှေအင်ဂျင်များ၏ ဆူညံသံကို လျှော့ချရန်နှင့် ဆက်စပ်၍ ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများစွာရှိပါသည်။
ရွာငံမြို့နယ်ရှိ ပြဒါးလင်းဂူ နံရံပန်းချီများသည် ကျောက်ခေတ်လူသားများ၏ နေထိုင်သည့် နေရာတစ်ခုလည်းဖြစ်ခဲ့သဖြင့် နိုင်ငံခြားသား ဧည့်သည်များအတွက် စိတ်ဝင်စားမှုကို အများဆုံးရရှိ သော နေရာတစ်နေရာဖြစ်ပါသည်။ သို့ရာတွင် ထိုနေရာသို့သွားလာရန် ခက်ခဲသဖြင့် တောင်ကြီးမြို့ရှိ အရှေ့ဘက်ပိုင်း တောင်တန်းများမှ မိုးပျံကေဘယ်ကားတည်ဆောက်ရေး ရင်းနှီးမြှုပ်နှံခြင်းသည် လည်း အခွင့်အလမ်းတစ်ခုဖြစ်လာနိုင်ပါသည်။
အိမ်နီးချင်းနိုင်ငံများမှ လာရောက်လည်ပတ်မှု များပြားလာစေရန်အတွက် တရုတ်နိုင်ငံ (ဟဲဟိုး-လင်းချမ်း) နှင့် ထိုင်းနိုင်ငံ (ဟဲဟိုး-ချင်းမိုင်)တို့ကို တိုက်ရိုက်ပြေးဆွဲပေးမည့် လေကြောင်း လိုင်းများ စီစဉ်ပေးသင့်ပါသည်။
ကလောမြို့နှင့် အနီးတဝိုက်တွင် ခြေလျင်တောင်တက် ခရီးသွားလာခြင်းလုပ်ငန်းသည်လည်း ခရီးသွားကဏ္ဍအတွက် အလားအလာကောင်းသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ ရှမ်းပြည်နယ်တွင် လူမျိုးစုပေါင်း ၃၄ မျိုး၏ ရိုးရာဓလေ့၊ လူနေမှုပုံစံနှင့် ယဉ်ကျေးမှုများသည် ကမ္ဘာလှည့်ခရီးသည်များ ၏ စိတ်ဝင်စားမှုရရှိသည့်အပြင် သဘာဝအလျောက် ဖြစ်ပေါ်လျက်ရှိသော ဂူများ၊ မြစ်များနှင့် ရေတံခွန်များ၏ သဘာဝရှုခင်းများ ကိုပါ ရှာဖွေဖော်ထုတ်ပေးသင့်ပါသည်။ ရှမ်းပြည်နယ် တောင်းပိုင်းရှိ ပအိုဝ်နှင့် ဓနုဒေသများတွင် လူထုအခြေပြုခရီးသွားလုပ်ငန်းကို စိတ်ဝင်စားမှု မြင့်တက်စေရန် မိတ်ဆက်ဖော်ထုတ်လျက်ရှိကြောင်း တွေ့ရပါသည်။
သံလွင်မြစ်၊ နမ့်တောင်၊ နမ်ပန်၊ မဲခေါင်နှင့်ဒုတ္ထ၀တီမြစ်များတွင် စွန့်စားမှုဆိုင်ရာ အားကစားများဖြစ်သော ဖောင်စီးခြင်း၊ အရှိန်မြှင့်စက်တက်လှေများ စီးနင်းခြင်း၊ တောင်တက်ခြင်း စသည်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရှိပါသည်။
ရှမ်းပြည်နယ်တွင် မြို့နယ် ၅၅ ခုရှိသည့်အနက် ၁၃ မြို့နယ်တွင်သာ လိုင်စင်ရ ဟိုတယ်နှင့်တည်းခိုခန်းများရှိပြီး ကျန် ၄၂ မြို့နယ်ဖြစ်သော လားရှိုး၊ ပင်းတယ၊ ကျိုင်းတုံစသည် တို့တွင် ဟိုတယ်နှင့်တည်းခိုခန်းများ ဖွင့်ရန် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများရှိကြောင်း တွေ့ရှိရ ပါသည်။