ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ
ယေဘုယျ သတင်းအချက်အလက်များ
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ(၂၀၁၇)နှင့်အညီရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် ကုမ္ပဏီဖွဲ့စည်းတည်ထောင်မှုများ ဆောင်ရွက်နိုင်ပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အတွင်းရေးမှူးရုံးဖြစ် သည်နှင့်အညီ ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာ လျှောက်ထားခြင်း လုပ်ငန်းစဉ်များကိုလည်း တစ်ပြိုင် တည်းဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
ကုမ္ပဏီအမျိုးအစားများနှင့် အခြေခံလိုအပ်ချက်များ
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်အညီ ဖွဲ့စည်းတည်ထောင်နိုင်သည့် ကုမ္ပဏီအမျိုးအစား များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) အစုရှယ်ယာဖြင့်တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီအမျိုးအစားများ
- အများနှင့် မသက်ဆိုင်သောကုမ္ပဏီ။
- အများနှင့် သက်ဆိုင်သောကုမ္ပဏီ။
(ခ) ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီများ
(ဂ) ပြည်ပကော်ပိုရေးရှင်းများ
(ဃ) စီးပွားရေးဆိုင်ရာအသင်းအဖွဲ့များ
(င) အထူးကုမ္ပဏီများ(အထူးကုမ္ပဏီအက်ဥပဒေ-၁၉၅၀အရ ဖွဲ့စည်းထားသော)
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ပြည်ပကော်ပိုရေးရှင်း သို့မဟုတ် အခြားနိုင်ငံခြားသား တစ်ဦးဦး သို့မဟုတ် ၎င်းတို့ပေါင်းစည်းလျက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ ပိုင်ဆိုင်မှုပမာဏ ၃၅ရာခိုင်နှုန်းအထက် ပိုမိုသည့်ပိုင်ဆိုင်မှုအကျိုးခံစားခွင့်တစ်ရပ်ရှိသော ကုမ္ပဏီ တစ်ခုမှတ်ပုံတင်ခြင်းကို ဥပဒေနှင့်အညီ နိုင်ငံခြားကုမ္ပဏီတစ်ခုအဖြစ် မှတ်ပုံတင်ခြင်း ဆောင်ရွက် နိုင်မည်ဖြစ်ပါသည်။ တနည်းအားဖြင့် ပြည်တွင်းကုမ္ပဏီများတွင် နိုင်ငံခြားပိုင်ဆိုင်မှုအကျိုးခံစား ခွင့် ၃၅ % နှင့်အောက် ပါဝင်နိုင်မည် ဖြစ်ပါသည်။
ပြည်တွင်းနှင့် ပြည်ပနိုင်ငံခြားသား ရှယ်ယာရှင်များအကြား ရှယ်ယာလွှဲပြောင်းမှုများအား ကန့်သတ်ထားခြင်းမရှိသော်လည်း နိုင်ငံခြားကုမ္ပဏီအနေဖြင့် ပြောင်းလဲမှုတစ်စုံတရာ ပြုလုပ် ပါက DICA သို့ အသိပေးအကြောင်းကြားရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ(၂၀၁၇) အရ ရှယ်ယာရှင်တစ်ဦး၊ ဒါရိုက်တာတစ်ဦးဖြင့် ကုမ္ပဏီများ ဖွဲ့စည်းမှတ်ပုံတင်နိုင်မည်ဖြစ်ပါသည်။ ဤဥပဒေအရ ဖွဲ့စည်းသည့် ကုမ္ပဏီများတွင် အနည်းဆုံး ဒါရိုက်တာတစ်ဦးမှာ နိုင်ငံတော်အတွင်း “အများအားဖြင့်နေထိုင်သူ”တစ်ဦးဖြစ်ရန် လို အပ်ပါသည်။ ယင်းပုဂ္ဂိုလ်သည် ၁၂လ ကာလအတွင်း အနည်းဆုံး ၁၈၃ ရက် မြန်မာနိုင်ငံတွင် နေထိုင်ရန် လိုအပ်မည် ဖြစ်ပါသည်။ ပြည်တွင်းတွင်နေထိုင်သည့်ကာလ ၁၈၃ ရက်ကိုကုမ္ပဏီ ဖွဲ့စည်းတည်ထောင်သည့်ရက်မှစ၍ (လက်ရှိဆောင်ရွက်နေသည့် ကုမ္ပဏီများသည် ဥပဒေအသစ် စတင်သည့် ရက်မှစ၍)ရေတွက်မည်ဖြစ်ပါသည်။ အများပိုင်ကုမ္ပဏီများသည် အနည်းဆုံးဒါရိုက် တာ ၃ ဦး ခန့်အပ်ရမည်ဖြစ်ပြီး ယင်းအနက် အနည်းဆုံးဒါရိုက်တာတစ်ဦးသည် မြန်မာနိုင်ငံတွင် အများအားဖြင့်နေထိုင်သူ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ရန် လိုအပ်ပါသည်။ ကုမ္ပဏီဖွဲ့စည်းတည် ထောင်ခြင်းအတွက် အနည်းဆုံး မတည်ရင်းနှီးငွေအား ကန့်သတ်ထားခြင်းမရှိပါ။
ကုမ္ပဏီမှတ်ပုံတင်ခြင်းဆိုင်ရာ လိုအပ်သည့် အထောက်အထားများ
၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ ကုမ္ပဏီမှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများကို အွန် လိုင်းစနစ် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ စာရွက်စာတမ်းများအား အီလက်ထရောနစ်နည်းလမ်း ဖြင့် မှတ်ပုံတင်ခြင်း၊ တင်ပြခြင်း၊ ကုမ္ပဏီဆိုင်ရာ အချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ကြည့် ရှုစစ်ဆေးနိုင်ခြင်းစသည့် အခြေခံကောင်းများ ပါဝင်သော ကုမ္ပဏီမှတ်ပုံတင်စနစ်သစ် MYCO- MYANMAR COMPANIES ONLINEကို မြန်မာနိုင်ငံ ကုမ္ပဏီဥပဒေ (၂၀၁၇)ခုနှစ် စတင်ကျင့်သုံးမှုနှင့် အတူစတင်အသုံးပြုနိုင်မည်ဖြစ်ပါသည်။
Sources From DICA